Being passionate about Development

Being passionate about Development

Table of contents

No heading

No headings in the article.

"ငတ်လို့လုပ်တာမဟုတ်ဘူး။ တတ်လို့လုပ်နေတာ" ဆိုတဲ့ မြန်မာစကားတစ်ခုကို ကျွန်တော်တို့လုပ်ငန်းခွင်တိုင်းလိုလိုမှာကြားရလေ့ရှိမှာပါ။ အဲ့စကားက ပညာရပ်တစ်ခုမှာကျွမ်းကျွမ်းကျင်ကျင်ရှိတယ်ဆိုတာကို ရည်ရွယ်တယ်ဆိုတာ ‌‌ကျွန်တော်တို့အားလုံးသိပီးသားဖြစ်ကြမှာပါ။ အဲ့စကားကိုပြောလိုက်တဲ့သူက တစ်ကယ်ကျွမ်းကျင်သည် ဖြစ်စေ တစ်ကယ်မကျွမ်းကျင်သည်ဖြစ်စေ ခဏလောက်မေ့ထားပီးတော့၊ အဲ့စကားရဲ့ မှန်ကန်မှုကို ကျွန်တော်တို့ Technical Jobs တွေမှာကြည့်ကြည့်ရင် ကျွန်တော့အနေနဲ့ လစ်ဟာမှုတစ်ခုကိုတွေ့ပါတယ်။

အထူးသဖြင့် creativity ကို အလေးပေးရလေ့ရှိတဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေမှာ တတ်လို့ပဲလုပ်လုပ် ငတ်လို့ပဲလုပ်လုပ် တစ်ချိန်ကျရင် နေရာတစ်ခုမှာရပ်သွားမှာပါ။ ဒါက လခစားကနေ boss ဖြစ်ခြင်း မဖြစ်ခြင်းကိုရည်ညွှန်းတာမဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ဘယ်အထိရောက်နိုင်မလဲဆိုတာကို ရည်ညွှန်းတာပါ။ အဲ့မှာ အရေးပါလာတာက Passionate ဖြစ်တယ်ဆိုတဲ့ တတ်ခြင်းငတ်ခြင်းထက် ကိုယ်တိုင် တစ်ခုခုကိုစွဲစွဲလမ်းလမ်းနဲ့ လေ့လာအားထုတ် အသုံးချနိုင်ခြင်းဆိုတာပါပဲ။

ကျွန်တော်တို့ နည်းပညာနယ်ပယ်တွေတင်မကပဲ တစ်ခြားနယ်ပယ်တွေမှာပါလက်ခံထားတဲ့ တု၊စု၊ပြု ဆိုတဲ့ အဆင့်သုံးဆင့်ရှိပါတယ်။ အဲ့တာကိုပဲဆက်ကြည့်ရရင် ကိုယ်တိုင်စိတ်ရောကိုယ်ပါ မလုပ်နိုင်ရင် တု၊စု မှာတင်ရပ်သွားကြတာများပါတယ်။ အထူးသဖြင့် Developer တွေဆိုရင် သူများတွေဖန်တီးထားတဲ့ Languages, Librarys, Frameworks ကို သုံးပဲသုံးပီးနေလာတာကြာရင် ကိုယ့်အတွက်က ငတ်လို့လုပ်ရာကနေ တတ်လို့လုပ်ရာကိုတစ်ဆင့်ခြင်း တိုးတက်ပြောင်းလဲလာနိုင်ပါတယ်။ အဲ့မှာမှ passion မရှိတော့ရင် နောက်ထပ်အဆင့်တွေကို ထပ်တက်ဖို့ခက်ခဲ (ပျင်းရိ) လာပီး ကျွန်တော်တို့ရဲ့ သက်မွေးပညာတစ်ခုက အဲ့မှာပဲရပ်တန့်သွားတော့မှာပါ။ အဲ့တော့ ကိုယ်တိုင်ကလည်း သူများဖန်တီးထားတာကို သုံးတဲ့အဆင့်ကနေ သူတို့ဘယ်လိုဖန်တီးထားလဲ ဆိုတာကို စိတ်ဝင်တစ်စားလေ့လာဖို့လိုမယ်။ အဲ့ကနေမှ ပညာရှင်တွေရဲ့ အမြင်ကိုစုပီး ကိုယ်တိုင်ဖန်တီးနိုင်တဲ့အထိဆက်သွားမယ်ဆိုရင် ကိုယ့်သက်မွေးလမ်းကြောင်းအတွက်ကို တော်တော် ကို အဆင်ပြေချောမွေ့နေမှာပါ။ အပေါ်မှာပြောထားသလိုပဲ ကိုယ်တိုင်ဝင်ငွေလည်းရနေတယ် ကိုယ်လုပ်နေတဲ့အလုပ်မှာလည်း စူးစမ်းလေ့လာနေမယ် ပျော်နေမယ်ဆိုရင် နည်းပညာနယ်ပယ်မှာက အကောင်းကြီးပဲ ရှိလာမှာပါ။

Passion ရှိခြင်းကနေ ဘာတွေရလာနိုင်လဲဆိုတာကို ကျွန်တော် သတိပြုမိသလောက်ပြောပြပီးပီဆိုတော့ အဲ့စိတ်ကိုဘယ်လိုမွေးမြူရမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဒီအပိုင်းမှာတော့ ကျွန်တော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားတစ်ချို့ကိုပါယူသုံးပါရစေ။

၁။ အဆက်မပြတ်လေ့လာပါ။ ဆန်းသစ်ပါ။

လေ့လာပါဆိုတဲ့နေရာမှာ တစ်ခြားနယ်ပယ်တွေနဲ့ ကျွန်တော်တို့နဲ့က တော်တော်ကွာတာကို သတိပြုမိဖို့လိုပါလိမ့်မယ်။ အချိန် စက္ကန့်နဲ့အမျှ အသစ်အဆန်းတွေ ထွက်ပေါ်နေတာဖြစ်လို့ အကုန်လုံးကိုတော့ လိုက်မီနိုင်မှာမဟုတ်ပါဘူး။ ဒီနေရာမှာ ဆင်တူယိုးမှားဆိုတဲ့ အသိကို အသုံးချဖို့လိုပါတယ်။ Developer တစ်ယောက်အနေနဲ့ MVC Framework တစ်ခုသုံးပီဆိုပါဆို့။ အဲ့ Framework တစ်ခုကိုနှိုက်နှိုက်ချွတ်ချွတ်နားလည်သွားပီ တု၊စု၊ပြု နိုင်နေပီဆိုရင် တစ်ခြား MVC Framework တွေရဲ့ တည်ဆောက်ပုံလည်း တစ်ထေရာတည်းမတူတောင် ဆင်တူလေးတွေ ဖြစ်နေမှာပါ။ ဒီလိုမျိုး "တူရာစု တစ်ခုလေ့လာ" ဆိုတဲ့ ပုံစံက အသစ်အဆန်းထွက်နိုင်လွန်းတဲ့ နယ်ပယ်မှာ တော်တော်လေးကို သင့်တော်ပါတယ်။

၂။ အနားယူတတ်ဖို့လိုပါတယ်။

ဒါကတော့ နံပါတ် ၁ နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ထင်ရပေမယ့် မှန်ကန်စွာ အနားယူတတ်ခြင်းကလည်း လေ့လာရာမှာ တော်တော်လေးကို အထောက်အကူပြုပါတယ်။

၃။ Build or Join a community
ငယ်ငယ်ကစာတူတူစုလုပ်ကြတာမျိုးကိုမှတ်မိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်အတွက်ပဲဆိုပျင်းနေလေ့ရှိကြပီး ဘေးနားကသူတွေအတွက်ဆို အားတက်သရော ကူညီတတ်ကြတဲ့ အလေ့အကျင့် တစ်ခါတစ်လေမှာ ပေါ်လာတတ်ကြပါတယ်။ သူများကို ကူညီပေးရင်း နဲ့ ကိုယ်တိုင်လည်း စိတ်ဝင်တစ်စားရှိလာတယ်ဆိုတော့ အားလုံးအတွက်ကောင်းတာပေါ့ဗျာ။

ဒီလောက်ကိုလုပ်နိုင်ရင်ပဲ ကျွန်တော်တို့က စိတ်ပါလာလို့ပါမှန်းမသိပဲ ကိုယ်လုပ်နေတဲ့ Development Field ထဲကိုစိတ်ရောကိုယ်ပါရောက်လာကြမယ်လို့ထင်ပါတယ်။

P.S. တတ်လို့ပဲလုပ်လုပ် ငတ်လို့ပဲလုပ်လုပ် စိတ်အားထက်သန်လို့ပဲလုပ်လုပ် ကိုယ်လုပ်ပေးရတဲ့ ထိုက်သင့်တဲ့ အဖိုးအခကိုတော့ ရအောင်ယူပီးမှလုပ်စေချင်ပါတယ်။ စိတ်အားထက်သန်နေတိုင်းလည်း အလကား လုပ်ပေးစရာမလိုဘူးလို့အကြံပြုချင်ပါတယ်။

NAY THU KHANT

Solution Architect @ onenex.co