# Git  ဆိုတာဘာလဲ

**ဒီနေ့ခေတ်မှာ Developer တိုင်းက git နဲ့ မစိမ်းပေမယ့် လုံးဝမသုံးသေးတဲ့ ကျောက်ခတ်က ဒီဗလော်ပါကြီးတွေနဲ့ အခုမှ ကုဒ်စရေးတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး ဒီပို့ကို ရေးလိုက်တာပါ။**

Git ဆိုတာ Linux OS ရဲ့ ဖန်ဆင်းရှင် [Linus Torvalds](https://en.wikipedia.org/wiki/Linus_Torvalds) ဖန်တီးခဲ့တဲ့ FOSS ဗားရှင်းထိန်းချုပ်စနစ် တစ်ခုဖြစ်ပါတယ်။ ဆော့ဝဲ ပရောဂျက် အကြီးကြီးတွေကို ပေါ့ပေါ့ပါးပါး နဲ့ အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့၊ အဖွဲ့လိုက် စုပေါင်းရေးသားနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ။ ရည်ရွယ်ခဲ့တဲ့ အတိုင်းလည်း တစ်ကယ် ကောင်းမွန်တဲ့ ဗားရှင်းထိန်းချုပ် စနစ်တစ်ခုပါပဲ။ Git ရဲ့ အဓိက အားသာချက်ကတော့ Developer တွေအများကြီးက ဆော့ဝဲပရောဂျက်တစ်ခုကို တစ်နေရာစီရေးပြီး အလွယ်တကူ ပေါင်းစည်းလို့ရနိုင်တာပဲ ဖြစ်ပါတယ်။

### Git ဘယ်လိုအလုပ်လုပ်သလဲ။

Git က Developer ရေးလိုက်တဲ့ ကုဒ်တွေရဲ့ ပြောင်းလဲသွားမှုကို ဗားရှင်းအလိုက် သိမ်းထားပေးပြီး လိုအပ်တဲ့ အခါမှာ သွားချင်တဲ့ ဗားရှင်းကို ပြန်သွားလို့ရအောင် လုပ်ဆောင်ပေးပါတယ်။ အလုပ် တစ်ဖြတ်ပြီးတိုင်း Commit ရေးပြီး ဗားရှင်းတစ်ခုအဖြစ်နဲ့ သိမ်းထားလို့ရပါတယ်။

နောက်ပြီး branch တွေခွဲပြီး ရေးလို့ရတဲ့အတွက် မတူညီတဲ့ အပိုင်းတွေကို တစ်ပြိုင်တည်းမှာ ရေးသားလို့အဆင်ပြေစေပါတယ်။ ဥပမာ၊ ကိုယ်က feature အသစ်တစ်ခုကို လုပ်လက်စရှိနေတုန်း Production Bug တစ်ခုပြင်စရာရှိလာတဲ့ အခြေအနေမှာ git မသုံးရင် တော်တော် တိုင်ပတ်မှာပါ။ git သာ သုံးခဲ့မယ်ဆိုရင် feature အသစ်ကို branch တစ်ခုခွဲရေးနေပြီး bug fix ကိုလည်း မူလ branch ကနေ bugfix branch တစ်ခု ခွဲပြင်ပြီး စမ်းလို့ အဆင်ပြေရင် မူလ branch မှာ ပြန်ပေါင်းပေးလိုက်ရုံပါပဲ။

နောက်ထပ်အားသာချက်ကတော့ ကိုယ့်လက်ပ်တော့ မီးလောင်သွားရင်တောင် git server ပေါ်မှာကိုယ့် ကုဒ်တွေက version history နဲ့တကွ အကုန်ကျန်ခဲ့မှာမို့ အလုပ်တွေ ရပ်သွားစရာ မလိုပါဘူး။

ဒီလောက်ဆိုရင် git ကို ဘာလို့ သုံးကြသလဲ သိလောက်ပြီလို့ထင်ပါတယ်။ အဲ့ဒီတော့ git ကို လက်တွေ့ ဘယ်လို သုံးသလဲဆိုတာ မနက်ဖြန် ဆက်ရေးပေးပါမယ်။  
git ကို သုံးဖို့ စိတ်ဝင်စားပြီး git အကောင့်မရှိသေးဘူးဆိုရင်ရင် [GitHub](https://github.com/) ဒါမှ မဟုတ် [GitLab](https://gitlab.com/) မှာ အကောင့်သွားဖွင့်ထားလိုက်ပါ။
