# Business Model Canvas — Part 4

**၆။ လုပ်ဆောင်ချက်**

လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်း အမျိုးအစားပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေဟာ ကွဲပြားပါတယ်။

ကုန်ပစ္စည်းရောင်းမှာလား၊ ကုန်ပစ္စည်းထုတ်လုပ်မှာလား၊ ဝန်ဆောင်မှုလုပ်ငန်းလား။ ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း လုပ်ဆောင်ချက် တွေကို ကြိုတင်လေ့လာ သင်ယူထားဖို့ လိုအပ်ပါတယ်။

လုပ်ငန်းစတင်တည်ထောင်ခြင်း နဲ့ လုပ်ငန်းလည်ပတ်စီမံခြင်းဟာ အကြောင်းအရာတစ်ခုစီ ဖြစ်ပါတယ်။

> လုပ်ဆောင်ချက်တွေ စနစ်တကျပါဝင်တဲ့ အစီအစဉ် ဟာ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

လုပ်ငန်းစဉ် ရေးဆွဲတဲ့ အစီအစဉ် ထဲမှာ —

* တည်ထောင်တဲ့ လုပ်ငန်းစဉ်
    
* လည်ပတ်တဲ့ လုပ်ငန်းစဉ်
    

နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

တည်ထောင်တဲ့ လုပ်ငန်းစဉ်မှာ ဆိုလျှင် —

* နေရာရှာဖွေတာ
    
* လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာ အသုံးအဆောင်တွေ ဝယ်ယူတာ
    
* စက်ကိရိယာတွေ အသင့် အသုံးပြုလို့ရအောင် ပြင်ဆင်တာ
    
* ကြော်ငြာတာ
    
* ဝန်ထမ်းရှာဖွေခန့်ထားတာ စတာတွေပါဝင် ပါတယ်။
    

လည်ပတ်တဲ့ လုပ်ငန်းစဉ်မှာဆိုလျှင် —

* စျေးကွက်ရှာဖွေရေး
    
* ဝန်ထမ်း
    
* စာရင်း
    
* လုပ်ငန်းလည်ပတ်မှု
    
* စီမံခန့်ခွဲမှု စတာတွေပါဝင် ပါတယ်။
    

---

**၇။ အရင်းအနှီး**

> လုပ်ငန်းမှာ သုံးဖို့ လိုအပ်တာမှန်သမျှဟာ အရင်းအနှီးပါ။

အရင်းအနှီးတွေထဲမှာ —

(၁) ငွေ

(၂) ကိရိယာပစ္စည်း — စက်တွေ၊ အသုံးအဆောင်တွေ၊ ပရိဘောဂတွေ စသဖြင့်။

(၃) ဉာဏပစ္စည်း — ဆော့ဖ်ဝဲ၊ အမှတ်တံဆိပ်၊ နည်းပညာ စသဖြင့်။

(၄) ဝန်ထမ်း — ကာယလုပ်သား၊ ညာဏလုပ်သား၊ ပညာရှင် စသဖြင့်။

---

**၈။ ကုန်ကျစရိတ်**

လုပ်ငန်း စတင်လည်ပတ်တဲ့အခါ လစဉ်ကုန်ကျနိုင်တဲ့ စရိတ်တွေကိုကြိုတင် ခန့်မှန်းတွက်ချက်ထားဖို့ လိုပါတယ်။

> ပုံသေ လစဉ်ကုန်ကျနေမယ့် စရိတ်တွေရှိသလို ပြောင်းလဲနိုင်တဲ့ စရိတ်တွေလည်းရှိပါတယ်။

ပုံသေစရိတ်တွေဟာ — နေရာ ငှားရမ်းခ၊ ဝန်ထမ်းလခ စသည်တို့ ဖြစ်နိုင်ပြီး၊

ပြောင်းလဲစရိတ်တွေကတော့ — ကုန်ကြမ်းဖိုး၊ သယ်ယူပို့ဆောင်ခ စတာတွေဖြစ်နိုင်ပါတယ်။

---

**၉။ စီးပွားဖက်**

လုပ်ငန်းစပ်တူလုပ်သူ၊ ပစ္စည်းရောင်းသူ၊ လုပ်ငန်းအကြံပေး၊ အကျိုးတူပူးပေါင်း လုပ်ကိုင်သူ၊ လုပ်ငန်းတွဲလုပ်သူ၊ နည်းပညာသင်ကြား ထောက်ပံ့ပေးသူ စတဲ့သူတွေဟာ စီးပွားဖက်တွေ ဖြစ်ပါတယ်။

ကိုယ်နဲ့ တွဲလုပ်မယ့်သူတွေဟာ စိတ်တူ ကိုယ်တူဖြစ် ဖို့ မလွယ်ပါဘူး။

> အကျိုးစီးပွား ဖြစ်ထွန်းမှုကို အဓိကထား ဦးတည်ပြီး ညှိနှိုင်းလို့ရတဲ့ သူတွေကိုသေချာစီစစ် ရွေးချယ်ဖို့ လိုပါတယ်။

---

Aung Kyaw Minn | Head of Technology  
[Onenex](https://onenex.co)
