# Business Model Canvas — Part 2

---

**၂။ ဝယ်သူ**

ရောင်းကုန် နဲ့ အပ်စပ်တဲ့ ဝယ်သူတွေကို ကြိုတင် စဉ်းစားထားဖို့ လိုပါတယ်။

> ကိုယ့်ရဲ့ ရောင်းကုန်ကို ဘယ်သူတွေက ဝယ်ယူသုံးစွဲမှာလဲ?

လူတွေကို အုပ်စုတွေခွဲ စဉ်းစားကြည့်ပါ။ ဥပမာ —

**လူဦးရေအချိုးအစား** — အသက်အရွယ်၊ ကျား (သို့) မ၊ ပညာရေးအဆင့်အတန်း၊ ဝင်ငွေပမာဏ၊ လူပျို (သို့) အပျို၊ အိမ်ထောင်ရှိ၊ ကလေးရှိ။

**နေထိုင်ရာဒေသ** — နိုင်ငံ၊ ပြည်နယ် (သို့) တိုင်းဒေသကြီး၊ မြို့၊ မြို့နယ်၊ ကျေးရွာ (သို့) ရပ်ကွက် (သို့) အိမ်ရာ၊ လမ်း။

**လူနှင့်နေရာ** — နယ်မှ လယ်သမားများ၊ ရန်ကုန်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ မန္တလေးရှိ ဆိုင်ကယ်ကယ်ရီသမားများ။

**ပြုမူ နေထိုင်မှုပုံစံ** — ပရဟိတသမားများ၊ ရှေးရိုးစွဲလူကြီးများ၊ ကလပ်တတ်လေ့ရှိသူများ၊ စွန့်ဦးတီထွင်လူငယ်များ၊ ပညာရှင်များ၊ ဈေးထွက်ဝယ်လေ့ရှိသူများ၊ ညစာအပြင်မှာစားလေ့ရှိသူများ၊ ကိုယ်တိုင်အဝတ်လျှော်သူများ။

* ဝယ်သူဖြစ်နိုင်ခြေရှိတဲ့ လူအုပ်စုတွေကို ရှာပါ။ ဥပမာ — ရန်ကုန်တိုင်းတွင် နေထိုင်သော အသက် ၂၂ နှစ်မှ ၄၄ အတွင်း ဘွဲ့ရပြီး အလုပ်အကိုင်ရှိသော အိမ်ထောင်မပြုရသေးသော စမတ်ဖုန်း အသုံးပြုသည့် အမျိုးသမီးများ။
    
* အချက်အလက်များကို အခြေခံပြီး စုစုပေါင်း ဖြစ်နိုင်ခြေရှိသည့် ဝယ်သူဦးရေကို ခန့်မှန်းတွက်ကြည့်ပါ။
    
* ရောင်းကုန်တူ လုပ်ငန်း ပြိုင်ဖက် အချက်အလက်တွေကို ရှာပြီး မိမိရနိုင်ခြေရှိသည့် ဝယ်သူဦးရေကိုလည်း ထပ်မံထွက်ချက်လို့ ရပါတယ်။
    

စုစုပေါင်း ဖြစ်နိုင်ခြေရှိသည့် ဝယ်သူဦးရေ ကို အခြေခံပြီး Bottom-up နည်းလမ်းဖြင့် Total Addressable Market (TAM) size ကို တွက်လို့ရနိုင်ပါတယ်။

---

**၃။ ဝင်ငွေရလမ်း**

ရောင်းရငွေ နဲ့ ဝန်ဆောင်ခ ဟာ လုပ်ငန်းတစ်ခုရဲ့ အဓိက ဝင်ငွေရလမ်းတွေဖြစ်ပါတယ်။

ရောင်းကုန်ဟာ ကုန်ပစ္စည်းဆိုလျှင် “**ရောင်းရငွေ**” ဟာ ဝင်ငွေရလမ်းဖြစ်ပြီး၊ ဝန်ဆောင်မှု ဆိုလျှင် “**ဝန်ဆောင်ခ**” ဟာ ဝင်ငွေရလမ်း ဖြစ်ပါတယ်။

ဝင်ငွေရလမ်းတွေကို ပုံစံအုပ်စုတွေ ခွဲပြီးကြည့်မယ်ဆိုလျှင် အောက်ပါ အတိုင်း ၄ မျိုး တွေ့ရပါလိမ့်မယ်။

**(၁) အကြိမ်နဲ့ရ** — ဝယ်သူ က ရောင်းကုန် ကို တစ်ကြိမ်ဝယ်တိုင်း တစ်ခါ ငွေပေးချေရပါတယ်။ သမရိုးကျ အပြင်မှာ တွေ့ရလေ့ရှိတဲ့ ဝင်ငွေရလမ်း ပုံစံဖြစ်ပါတယ်။

**(၂) အချိန်နဲ့ရ** — ဝယ်သူက ရောင်းကုန် ကို အချိန်တစ်ခုသတ်မှတ်ပြီး အချိန်ပေါ် မူတည်ပြီး ငွေပေးချေရပါတယ်။ တစ်နာရီ၊ တစ်ရက်၊ တစ်လ မှာ ငွေဘယ်လောက်ပမာဏ ရတယ်ဆိုတဲ့ ဝင်ငွေရလမ်းပုံစံ ဖြစ်ပါတယ်။

**(၃) အလုပ်နဲ့ရ** — ဝယ်သူက ရောင်းကုန် ကို အလုပ်ပြတ် ပုတ်ပြတ် တွက်ချက်ပြီး ငွေပေးချေရပါတယ်။ အလုပ်တစ်ခုပြီးလျှင် ငွေဘယ် လောက်ပမာဏ ရတယ်ဆိုတဲ့ ဝင်ငွေရလမ်းပုံစံ ဖြစ်ပါတယ်။

**(၄) ထပ်တလဲလဲရ** — ဝယ်သူတစ်ယောက်ရလိုက်တာနဲ့ ရောင်းကုန်ကို သုံးစွဲနေသမျှကာလပတ်လုံး ထပ်တလဲလဲ ငွေတွေ မပြတ်ရနေတဲ့ ဝင်ငွေရလမ်းပုံစံ ဖြစ်ပါတယ်။

---

Aung Kyaw Minn | Head of Technology  
[Onenex](https://onenex.co)
